ကိုယ်တွေ့ကြုံမှ ယုံခဲ့သည်

မှော်နန်း(ပြည်)

အခမဲ့
လောကမှာ သရဲတစ္ဆေ ရှိတယ်လို့ သင် ယုံကြည်ပါသလား၊ ဒါမှမဟုတ် မရှိဘူးလို့ လက်ခံထားပါသလား။ ဟုတ်ကဲ့ … ဒါကို ယုံကြည်လက်ခံသူတွေလည်း အများကြီးရှိသလို အယုံအကြည်မရှိတဲ့ သူတွေလည်း အများကြီးပါပဲ။ ဒါပေမဲ့ ဆန်းကြယ်မှုတွေ ပြည့်နေတဲ့ ဒီလောကကြီးထဲမှာ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်၊ မကြားနိုင်၊ မတွေ့နိုင်တဲ့အတွက် ဝိဝါဒ ကွဲပြားနေတဲ့ အကြောင်းကိစ္စတွေ အများကြီးလေ။ ဒီအထဲမှာ ပရလောကဟာလည်း တစ်ခုအပါအဝင် ဖြစ်မယ် ထင်ပါတယ်။ သရဲတစ္ဆေ ဆိုတာကို တချို့က ကိုယ်တွေ့ကြုံမှ ယုံကြည်ကြသလို၊ တချို့ကလည်း မကြုံဖူးလို့ မရှိဘူးလို့ပဲ သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ ပရလောကဆိုတာ အပါယ်ဘုံသားတွေဖြစ်ကြောင်း ဗုဒ္ဓစာပေတွေထဲမှာ အတိအလင်း ဖော်ပြထားခဲ့ပါတယ်။ သရဲကို မယုံကြည် လက်မခံခဲ့တဲ့ သူတွေဟာ ကိုယ်တွေ့ ကြုံကြရတဲ့အခါမှာတော့ ယုံကြည်သွားကြတတ်ပါတယ်။ အခု မိတ်ဆက်ပေးမယ့် စာအုပ်မှာ တစ္ဆေသရဲ ရှိတယ်ဆိုတာကို ဘယ်လိုမှ လက်မခံ မယုံကြည်တဲ့ သူတွေနဲ့ တစ္ဆေသရဲတွေရဲ့ ထိပ်တိုက်တိုး တွေ့ဆုံခြင်း၊ ကိုယ်တွေ့ကြုံလို့ ယုံကြည်ရခြင်း အဖြစ်အပျက်တွေကို ထိတ်လန့်ဖွယ်ရာ ဘယာနက ရသနဲ့ ရောစပ်ပြီး ရေးဖွဲ့ထားတာကို ဖတ်ကြရမှာပါ။ ကဲ ... ဘယ်လို ချောက်ချားစရာ အဖြစ်အပျက်တွေ ဖတ်ရမလဲ၊ ကျွဲဖြူချောင်းက တစ္ဆေတွေနဲ့ တစ္ဆေကို မယုံကြည်တဲ့ ကိုမင်းနောင်ဆိုသူ လူ့ကန့်လန့်တို့ရဲ့ ရင်ဆိုင်ပွဲက ဘယ်လောက်အထိ စိတ်ဝင်စားစရာကောင်းမလဲဆိုတာကို ဖတ်ကြည့်လိုက်ပါဦး မိတ်ဆွေ။