သေပြေးရှင်ပြေး

မောင်ပေါ်ထွန်း

1000 Kyats ကျပ်
ကမ္ဘာကျော်စာရေးဆရာကြီး အာဗင်ဝါလေ့ရဲ့ The Pigeon Project ဆိုတဲ့ စိတ်ကူးယဉ်စာပေအမျိုးအစား နာမည်ကြီးဝတ္ထုကြီးကို ဆရာမောင်ပေါ်ထွန်း မြန်မာပြန်ထားတဲ့ ‘သေပြေးရှင်ပြေး’။ ဇာတ်လမ်းက အတော် စိတ်ဝင်စားစရာကောင်းတယ်ခင်ဗျ။ အသက် ခုနစ်ဆယ်ကျော် ဗြိတိသျှ အမျိုးသားဆေးသိပ္ပံ ပညာရှင်ကြီး တစ်ယောက်က လူသားတွေ သက်တမ်း(၁၅၀) အထိ ရှည်နိုင်တဲ့ သက်ရှည်နုပျိုဆေးနည်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီဆေးနည်းကို တစ်ကမ္ဘာလုံး သုံးနိုင်အောင် ဖြန့်ဖြူးချင်စိတ်၊ လူသားအကျိုးပြုချင်စိတ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးသမားတွေ၊ သာသနာ့ဝန်ထမ်းတွေ၊ သူဌေးသူကြွယ်တွေက အဲဒီ ဆေးနည်းကို သူတို့ ကိုယ်ကျိုးအတွက် မောင်ပိုင်စီးချင်ကြတယ်။ ဒီတော့ ဆရာကြီးဟာ အိုကြီးအိုမနဲ့ အသက်ရှည်ဆေးနည်းကို ပိုက်ပြီး သက်စွန့်ဆံဖျား ထွက်ပြေးရတော့တာပေါ့။ ဆေးနည်းက စာရွက်ပေါ်မှာ ရေးထားတာ မဟုတ်ဘူး၊ သူ့ခေါင်းထဲမှာပဲ မှတ်သားထားတာပါ။ ကမ္ဘာ့ဆေးသိပ္ပံ ပညာရှင်များအဖွဲ့ ညီလာခံမှာ စာတမ်းဖတ်ပြီး တစ်ကမ္ဘာလုံးကို မကြေညာခင် မသမာသူတွေ လက်ထဲရောက်သွားမှာ စိုးလို့ ခေါင်းထဲမှာပဲ မှတ်ထားတာပေါ့၊ သူ အဲဒီလို ထွက်ပြေးလာတော့ သူ့ကို အီတလီနိုင်ငံ၊ ဗင်းနစ်မြို့လေဆိပ်မှာ ဖမ်းမိသွားခဲ့ပြီး ဗင်းနစ်မြို့နားက ကျွန်းတစ်ကျွန်းမှာ အစောင့်အရှောက်အင်အားနဲ့ အကျယ်ချုပ်သဘော ချုပ်ထားပြီးတော့ ဆေးနည်းကို တောင်းကြတယ်၊ ဒီအခါမှာ ဆရာကြီးက ပုဂ္ဂလိက သဘောမျိုးဆိုရင် ဘယ်နိုင်ငံ ဘယ်ပုဂ္ဂိုလ်ကိုမှ မပေးဘူး၊ အသက်သာ အသေခံမယ်ဆိုပြီး လုံးဝ တင်းခံနေတယ်။ တစ်နေ့ သူ့အခန်းထဲ အမြဲတမ်း အစာလာစားတဲ့ ခိုကလေးတစ်ကောင်ကို ယဉ်ပါးအောင် လုပ်ပြီးတော့ သူ့ကို မတရား ချုပ်နှောင်ထားကြောင်း၊ ဖြစ်နိုင်ရင် အမြန်ဆုံး လာကယ်ကြဖို့ အကြောင်းကို စာတစ်စောင်ရေးပြီး ခိုကလေးရဲ့ ခြေထောက်မှာ ချည်ပြီး လွှတ်လိုက်တယ်၊ အဲဒီစာကို ဗင်းနစ်မြို့မှာ အလုပ်လုပ်နေတဲ့ အမေရိကန်အမျိုးသား အင်ဂျင်နီယာ စာရေးဆရာ လူငယ်တစ်ယောက်က စာထဲမှာပါတဲ့အတိုင်း ပြင်သစ်ပြည် ပါရီမြို့မှာ ညီလာခံတက်ဖို့ ရောက်နေတဲ့ (ဆရာကြီးရဲ့ လက်ထောက် တပည့်မ) ဒေါက်တာမလေးနဲ့ အမြန်ဆုံး ဆက်သွယ်ပူးပေါင်းပြီး ဆရာကြီးကို အချုပ်ထဲကနေ သက်စွန့်ဆံဖျား ခိုးထုတ်ကြတယ်၊ သူတို့ သုံးယောက်သား အသက်ရှည်ဆေးကြီး ပိုက်ပြီး သေပြေးရှင်ပြေး လျှောက်ပြေးနေရပုံတွေကို အသည်းတယားယား ရင်တဖိုဖိုနဲ့ ဖတ်ရမယ့် ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်ပါတယ်။