ဖိုးသားစကြဲယား

ခေတ်သွေး

500 Kyats ကျပ်
...ကဗျာဆရာပေါက်စ ဖြိုးဟိန်းတစ်ယောက် ခပ်လန့်လန့်ဖြစ်နေတယ်။ မလန့်နေရောလား ဒီနှစ်ကောင်က ဒီတက္ကသိုလ်အသိုင်းအဝိုင်းထဲမှာ Big Boy နာမည်ကြီးတွေ မဟုတ်လား။ ဖိုးသားကြီး ဖိုးသားလေးနှစ်ကောင်ကို တချို့က ပွေလွန်းရှုပ်လွန်း ဆိုးလွန်းပေလွန်းလို့ ကွယ်ရာမှာဆို ဘောသောဘောကြွယ်ညီနောင်လို့တောင် ပြောဆိုနေကြတာလေ။ ဟိုနှစ်ကောင်လည်း ဖြိုးဟိန်းကိုခေါ်ပြီး တမင်ညစ်နေတာပါ။ ဖြိုးဟိန်းက ဝါသနာအရ မဂ္ဂဇင်းတွေမှာ ကဗျာလေးတွေ တစ်ပုဒ်စနှစ်ပုဒ်စပါပြီး သူ့ကိုယ်သူ တကယ့်ဝါရင့် ကဗျာဆရာကြီးစတိုင်နဲ့ ကျောင်းထဲမှာ အာပေါင်အာရင်းသန်သန်နဲ့ စာအကြောင်း ကဗျာအကြောင်း ပြောဆိုဆွေးနွေးနေရတာအမော။ သူ့စကားလုံးတွေထဲမှာ လေထန်ကုန်း လေအန်ကုန်းက ကဗျာဆရာတွေနဲ့ သူက ဘယ်လိုဖလှယ်ပြီး ဒီစာပေလောကထဲကို ဘယ်လိုရောက်လာတယ်ဆိုတဲ့အကြောင်းက အခါတစ်ရာမကပါတယ်။ ကျောင်းထဲမှာ ဖြိုးဟိန်းက သူ့ကဗျာလေးပါတဲ့ မဂ္ဂဇင်းစာအုပ်ကလေးတကိုင်ကိုင်နဲ့ ဟိုလူဒီလူတွေကို ကြွားပြီး ဆရာသံ ဆရာဟန် ဖမ်းနေတာကို ကြည့်မရတဲ့ ဖိုးသားကြီးနဲ့ ဖိုးသားလေးတို့က ဖြိုးဟိန်းကို တမင်ပညာပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ canteen ကို ခေါ်လာခဲ့တာပါ။