မြန်မာပြည်အပြင်ဘက်

လူခါး

800 Kyats ကျပ်
အဓိက ဇာတ်ကောင်ဖြစ်တဲ့ ‘အဆိုး’ လို့ခေါ်တဲ့ အလုပ်သမားလူငယ်တစ်ယောက်ရဲ့ ပုံရိပ်အပြင် ဆင်းရဲတွင်းကနေ ရုန်းထဖို့ သူတစ်ပါးနိုင်ငံမှာ ဒုက္ခခံ အလုပ်သွားလုပ်ကြသူ မြန်မာပြည်အပြင်ဘက်က အလုပ်သမား လူတန်းစားတွေရဲ့ ဘဝနဲ့ ဒုက္ခတွေကို ပီပီပြင်ပြင် ပုံဖော်ထားပါတယ်။ လူကို လူလို မဆက်ဆံတတ်တဲ့ လူတွေရယ်၊ သူတစ်ပါးနိုင်ငံမှာ ကိုယ့်ကိုယ်ကို ဘာဖြစ်လို့ ဖြစ်မှန်းတောင် မသိနိုင်တော့တဲ့ မိန်းမငယ်တွေရယ်၊ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ခေါင်းပုံဖြတ်ခံ၊ အနိုင်ကျင့်ခံ၊ မြေနိမ့်ရာ လှံအစိုက်ခံရတဲ့ အခြေအနေတွေရယ်၊ ဆင်းရဲတဲ့ နိုင်ငံကနေ ငွေရှာဖို့ နိုင်ငံရပ်ခြားဆီ စွန့်စားထွက်လာခဲ့တဲ့ ‘အဆိုး’ ရဲ့ ခံပြင်းဒေါသ နာကြည်းမှုတွေရယ်၊ အဆိုးရဲ့ ဝမ်းနည်းမှု၊ အဆိုးရဲ့ဘဝ၊ အဆိုးရဲ့ မျက်ရည်၊ အဆိုးရဲ့ အဆိုး၊ အဆိုးရဲ့ အကောင်း၊ အဆိုးတဲ့ တက်ခေါက်သံ၊ အဆိုးရဲ့ ကြေကွဲသံတွေက ဖတ်ရင်းဖတ်ရင်း သွေးပျက်စရာကောင်းလှပါတယ်။ တံဆိပ်ရိုက်၊ လေယာဉ်အပိုပစ္စည်းစက်ရုံ၊ ကားခိုး၊ ပိုက်ဆံလု၊ ဖုန်းလု၊ တရားမဝင် ဂိမ်း၊ ပွဲစားလူလိမ်၊ လူဆိုး၊ သူခိုး၊ ကြမ်းပိုး၊ ဆေးသမား စတဲ့ လူမျိုးစုံ အလုပ်မျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတဲ့ အဆိုး။ အဆိုးနဲ့အတူ ဂိမ်းဆိုင်က လက်ပြတ်တိုက်ဂေါကြီး၊ ကံဆိုးရှာလေသူလေး ရီရီ၊ ရီရီထက် အဖြစ်ဆိုးတဲ့ မြန်မာအမျိုးသမီးငယ်များ၊ ဒီပဲယင်းသား ဇော်နိုင်၊ အိပ်တန်းမပြန်နိုင်တဲ့ အတောင်ကျိုးငှက်များ၊ ဇာတ်တူသားစားတဲ့ လူတစ်စု၊ အဆိုးနဲ့ ရီရီတို့ရဲ့ မေတ္တာတရား၊ သံတိုင်ကြားကနေ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်၊ မေးကြောတွေ တင်း၊ ခံပြင်းနာကြည်းစွာနဲ့ နိုင်ငံတော်သီချင်းကို သီဆိုခဲ့တဲ့ အဆိုး။ ‘ကမ္ဘာမကြေ’ ‘ကမ္ဘာမကြေ’ ဆိုတဲ့ သီချင်းစာသားတွေဟာ ဖတ်ရင်းဖတ်ရင်း ကြက်သီးမွေးညင်းထလို့ ဇာတ်ကောင်တွေနဲ့ ထပ်တူ စီးမျောဆို့နင့် ခံစားကြရမယ့် ဇာတ်ဝင်ခန်းတွေပါပဲ။ အသက်အတွက် အာမခံချက်မရှိ၊ ဘဝအတွက် အာမခံချက်မရှိ၊ အိမ်ပြန်ဖို့ မျှော်လင့်ချက်မရှိဘဲ ငွေတွင်းနဲ့ မြွေတွင်း မှားနှိုက်မိခဲ့ကြတဲ့ မြန်မာပြည်အပြင်ဘက်က အလုပ်သမားလူတန်းစားတွေရဲ့ ဖြစ်ရပ်အထွေထွေ၊ ခံစားချက်အမျိုးမျိုးကို လက်တွေ့ဖြစ်ရပ်တွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ဆရာလူခါးရဲ့ ခေတ်ပြိုင်ရသဝတ္ထုရှည်တစ်ပုဒ်ကို စာချစ်သူများ အခုပဲ ဖတ်ရှု ခံစားကြည့်လိုက်ပါ။