Mental Exit

မှူးမြင့်မြတ်

500 Kyats ကျပ်
ဒီစာအုပ်မှာ စိတ်ညစ်စရာအကြောင်းတွေကို ရေးထားတာ မဟုတ်ပါဘူး။ စိတ်ညစ်စရာတွေကနေ သက်သာရာသက်သာကြောင်း ဘယ်လို နေထိုင်မလဲ ? နည်းမှန်လမ်းမှန် စိတ်ထွက်ပေါက်ရှာနည်းတွေက ဘာများ ဖြစ်မလဲ ? ဒါတွေကို လူငယ်အချင်းချင်း sharing လုပ်ပေးတဲ့ ပုံစံမျိုးနဲ့ ပြောပြထားတာ တွေ့ရပါလိမ့်မယ်။ တစ်ခုရှိတာက ဖြေရှင်းနည်း ဆိုတာထက် သူ့ဘာသာသူ မမျှော်လင့်ဘဲ ဖြစ်လာတတ်တဲ့ ပြဿနာတွေကို လက်ခံ ရင်ဆိုင်နိုင်ဖို့ကို အလေးပေးထားပါတယ်။ ‘ဒီစာအုပ်ဟာ တက်ကျမ်းမဟုတ်ပါဘူး။ ဆုံးမစကား ပေါင်းချုပ်လည်း မဟုတ်ပါဘူး။ စာရေးသူကိုယ်တိုင် ခံစားနေရတဲ့ ဝေဒနာတွေကို ထွက်ပေါက်အနေနဲ့ ရေးသားထားတာမျိုး …’ လို့ စာရေးသူ မှူးမြင့်မြတ်က အမှာစာမှာ ဖွင့်ဟထားပါတယ်။ စာမြည်း။ ။ တချို့ကျတော့လည်း ကိုယ့်ကို ဝေဖန်မှာစိုးပြီး ဘာကိုမှ အလေးမထားသလို ဟန်ဆောင်၊ ဂရုမစိုက်သလို နေတတ်ကြတယ်။ ဥပမာ ခင်ဗျားရဲ့ ဆံပင်ပုံစံက ကြည့်ကောင်းမနေဘူး။ ဒီပုံစံမကျတဲ့ ခင်ဗျားရဲ့ဆံပင်ကို ဝေဖန်မှာစိုးတော့ ခင်ဗျားက ခေါင်းမဖြီးဘဲနေရော။ ဘယ်သူ ဘာပြောပြော ဂရုမစိုက်သလိုပေါ့။ တကယ်က ဂရုစိုက်လို့၊ ဒီလို ဝေဖန်ခံရမှာ စိုးလို့ကို တုန်လှုပ်လို့ ဂရုမစိုက်တာ။ ခုနက ဖြစ်ရပ်နဲ့တော့ မတူဘူး။ ခုနက ဖြစ်ရပ်က ဂရုမစိုက်တတ်လို့ မတုန်လှုပ်တာ။ အခုဖြစ်ရပ်က တုန်လှုပ်လို့ ဂရုမစိုက်တတ်သလိုနေတာ။