မှော်ဟေဝန်ထဲမှာ သိမ်းထုပ်ထားတဲ့ ဝတ်ရုံ

ဗျူး

800 Kyats ကျပ်
စာမြည်း ။ ။ “မိန်းမဥစ္စာက အဆင်းတဲ့ဟ၊ နင်ဆိုရင် မျက်တောင်အရှည်ကြီးတွေနဲ့ နှာတံလေးကို ချွန်နေတာပဲ၊ နင် ယောက်ျားဖြစ်ချင်ရက်နဲ့ ဖြစ်ခွင့်မရတာ အဲဒီ အလှကြောင့်ပဲ၊ ငါတို့အုပ်စုထဲမှာ နင့်လောက် ဘယ်သူမှ မလှပါဘူး” “ဘာလို့ ဒါတွေ လာပြောနေတာလဲ နွေးရယ်” “နင့်ကို ပိုလှစေချင်လို့ပေါ့၊ မိန်းကလေးဆိုတာ လှမှ ပိုပြီး တန်ဖိုးရှိမှာ၊ တန်ဖိုးရှိမှ တကယ့် အဆင့်အတန်းမြင့်မြင့် အားကိုးထိုက်တဲ့ ယောက်ျားနဲ့ တွေ့မှာပေါ့” “တော်စမ်းပါ နွေးရာ၊ နင်ကလည်း နွဲ့နေပြန်ပြီ၊ ဆင်းရဲတာနဲ့ပဲ ယောက်ျားယူစရာလား၊ ယောက်ျားယူတိုင်း အားကိုးရမယ်လို့ နင့်ကို ဘယ်သူပြောလဲ … ဟင်း” အချစ်အိမ်က ပြည့်သိပ်နေသော ရင်ထဲက ခံစားချက်များနှင့် နှုတ်ခမ်းကို မဲ့ပစ်လိုက်သည်။ “င့ါကိုခင်ရင် ယောက်ျားဆိုတဲ့ သတ္တဝါကို အားကိုးသမှုနဲ့ ဘာမှ လာမပြောနဲ့ နွေး၊ ငါ့ခံစားချက်ကို နင် သိရဲ့သားနဲ့” “အချစ်ရယ်” နွေး နားလည်စွာ ငြိမ်သက်သွားရှာလေသည်။ ဘာပဲဖြစ်ဖြစ် အချစ်ဟာ မိန်းကလေး ခပ်ပျာပျာထက်ပို၍ စိတ်ဓာတ်မာကျောတာကတော့ အမှန်ပဲဖြစ်သည်။ ဆင်းရဲပေမယ့် မာနလည်း ကြီးတဲ့သူ။ သူမကိုယ်တိုင်က ချမ်းသာလှသည် မဟုတ်တာကြောင့် အချစ်ကို သူမ ဘာမှ အကူအညီ မပေးနိုင်ပါ။ ဒါကြောင့် ဟိုဟိုဒီဒီ လျှောက်ပြောမိခြင်း ဖြစ်သည်။