တားရာစ္ဘူလ္ဘာ

ဗန်းမော်တင်အောင်

800 Kyats ကျပ်
... ဩစတက်နှင့် အင်ဒရီတို့ ညီအစ်ကိုနှစ်ယောက်တို့သည် ၎င်းတို့၏အိမ်ကို၎င်း၊ သိပ္ပံကျောင်းတော်ကြီးကို၎င်း၊ လုံးဝသတိမရကြတော့ဘဲ ဆက်ခ်ျအရပ်တွင် ပျော်ရွှင်၍နေကြလေသည်။ ရိုးရိုးသားသားနှင့် ပျော်ပျော်ပါးပါးနေထိုင်တတ်ကြသော ဆက်ခ်ျအရပ်သည် ၎င်းတို့အတွက် များစွာ စိတ်ဝင်စားစရာကောင်းလျက်ရှိနေသည်။ ကော့ဆက်တစ်ယောက်သည် မည်မျှသေးဖွဲ့သော ခိုးမှုကလေးကို ကျူးလွန်သည်ဖြစ်စေ ကော့ဆက်တစ်မျိုးသားလုံးအတွက် အရှက်ရစေသည်ဟု မှတ်ယူကြလေ့ရှိသည်။ ထိုခိုးမှုကျူးလွန်သူအား တိုင်တစ်တိုင်တွင် ကြိုးနှင့် ချည်နှောင်ထားကြပြီးနောက် ထိုတိုင်၏ဘေးတွင် တုတ်တစ်ချောင်းကို ထားရှိလေသည်။ ထိုတိုင်အနီးအနားသို့ ဖြတ်သွားသူမှန်သမျှ ထိုသူခိုးအား ဘေးနားမှတုတ်ဖြင့် တစ်ယောက်တစ်ချက်စီ ရိုက်နှက်ကြလေရာ ထိုသူခိုးသေမှပင် အရိုက်ရပ်တော့သည်။ ပေးဆပ်ရန်ရှိသော အကြွေးကို မပေးဆပ်သော ကော့ဆက်အားလည်း အမြှောက်ကြီးတွင်ကြိုးနှင့် ချည်နှောင်၍ ထားလေ့ရှိသည်။ တစ်စုံတစ်ယောက်က ထိုသူ့အစား ဆပ်ရန်ရှိသောကြွေးကို လာရောက်မပေးမဆပ်မချင်း အချုပ်အနှောင်ခံနေရသောဘဝမှ မလွတ်မြောက်တော့ပေ။ လူသတ်မှုကျူးလွန်သောသူအား ပေးအပ်လေ့ရှိသော အပြစ်ဒဏ်ကို အင်ဒရီသည် အထူးသဘောကျမိလေသည်။ လူသတ်မှုကျူးလွန်သူ၏ မျက်စိအောက်တွင် တွင်းကိုတူးပြီးနောက် ထိုသူအား ရှေးဦးစွာတွင်းထဲသို့ ကန်ချပြီးနောက် အသတ်ခံရသူ၏ အလောင်းနှင့် တစ်ခါတည်းရော၍ မြှုပ်ပစ်လိုက်လေသည်။ အင်ဒရီသည် လူသတ်မှု ကျူးလွန်သူအား ကြောက်မက်ဖွယ်အဖြစ် အပြစ်ဒဏ်ပေးပုံကို မကြာခဏ မြင်ယောင်နေမိသည်။