ငြိုးမာန်လျော့ပြေ

ဖိုးကျော့

800 Kyats ကျပ်
ဧကနှစ်ဆယ်ကျော် အုန်းခြံကြီးထဲမှာ နေထိုင်ကြတဲ့ မိသားစုတစ်စု။ မျက်နှာမှာ ဒဏ်ရာဗလပွနဲ့ ခြေတစ်ဖက်ပြတ်နေတဲ့ ဦးကျော်စံ။ သူပုန်သတ်လို့ ဇနီးသည်သေ၊ ကိုယ်တိုင်လည်း ဒုက္ခိတဖြစ်ပြီးနောက်မှာ အုန်းခြံကြီးထဲကနေ အပြင်မထွက်တော့ဘဲ ဘုရားတရားအလုပ်တွေနဲ့ ပျော်မွေ့နေတဲ့ ဦးကျော်စံမှာ တွယ်တာစရာဆိုလို့ နှမဝမ်းကွဲနဲ့ ယောက်ဖရယ်၊ သားတစ်ယောက်၊ သမီးတစ်ယောက်ရယ်ပဲ ရှိတာ။ သမီးလေး မြသက်စောက ဒီနှစ်မှာ ရွာဓလေ့ထုံးစံအရ အပျိုစာရင်းသွင်းခံရပြီး ရှင်ပြုအလှူ အဖိတ်ခံထားရပြီ။ မြသက်စောဟာ ဖြီးလိမ်းပြင်ဆင်ပြီးတာနဲ့ ဖခင်ကြီးကို ရှိခိုးပြီး ရွာထဲက အလှူအိမ်ဆီ ထွက်သွားတယ်။ ဦးကျော်စံတစ်ယောက် အတိတ်က နာကျင်စရာတွေကို ပြန်တွေးနေတုန်းမှာပဲ အော်ဟစ်ငိုယိုပြီး အုန်းခြံထဲ ပြေးဝင်လာတဲ့ သမီးငယ် မြသက်စောကို မြင်လိုက်တယ်။ အကြောင်းရင်းကို မေးကြည့်တဲ့အခါ ကွမ်းတောင်ကိုင်အဖြစ် အရွေးခံရပြီးမှ အရက်မူးနေတဲ့ လူကြီးတစ်ယောက် ရောက်လာပြီး မြသက်စောလက်ထဲက ကွမ်းတောင်ကိုလု၊ အမျိုးယုတ်သူတွေ ကွမ်းတောင်ပန်းတောင်ကိုင်ရင် ရွာနာတယ်ဆိုပြီး စော်ကားပြောဆိုခဲ့ကြောင်း မြသက်စောက ငိုယိုပြောပြတယ်။ အရက်မူးပြီး စွပ်စွဲရန်ရှာသွားတဲ့ လူကြီးက ဘယ်သူလဲ၊ ဦးကျော်စံတို့မိသားစုကို ဘာကြောင့် အမျိုးယုတ်သူတွေလို့ စွပ်စွဲရသလဲ၊ ဦးကျော်စံရဲ့ အတိတ်က အနာတရတွေက ဘယ်သူ့ကြောင့်လဲ၊ မြသက်စောရဲ့အမေ လှသက်စော သေရတဲ့ နောက်ကွယ်မှာ ဘယ်လိုအရာတွေ ရှိနေသလဲ၊ အပျိုဖော်ဝင်စ မြသက်စောအတွက် မိဘတွေလက်ထက်က အတိတ်ဟောင်းတွေဟာ ဘယ်လို အဟန့်အတား ဖြစ်စေမှာလဲ … စိတ်ဝင်စားစရာ ဇာတ်လမ်းတွေနဲ့ ပြည့်နေတဲ့ ရခိုင်ဓလေ့ ဘဝသရုပ်ဖော် ဝတ္ထုရှည်တစ်ပုဒ်ပဲ ဖြစ်ပါတယ်။