ဖွဲဖွဲကျ နှင်းဖတ်များ နောက်ကွယ်၌

နိုင်သောင်းထွဋ်

600 Kyats ကျပ်
...ယခုတော့ ဂျွန်နီဆိုသော ကလေးမလေးသည် တစ်ကိုယ်လုံး နေရာမလပ် အကြီးအကျယ် အားအင် ချည့်နဲ့နေသော်လည်း သူမသည် သူနှင့်အတူ ကမ်းခြေဆီသို့ ရေကူးနေလေပြီ။ အသက် ရှင်သန်ဖို့နှင့် ကမ်းခြေကို ရောက်ရှိရန်မှာ လွန်စွာ နည်းပါးသော မျှော်လင့်ချက်ဖြစ်နေသည်ဟု သူ ခံစားလာရသည်။ သူ့မောပန်း နွမ်းနယ်မှုက အရှိန်ရလာသည်။ အသက် ကိုးနှစ်အရွယ် ကလေးအရွယ်နှင့် အသက် လေးဆယ်အရွယ်တို့ ရေနစ်သေဆုံးကြလျှင် ဘာနှင့်များ တူသွားလေမလဲဟု သူ တွေးနေမိသည်။ သူတို့ နှစ်ယောက်သာ သေဆုံးသွားကြလျှင် ခွေးအိုကြီး ဗင်ရိုအတွက်လည်း ဘာတွေ ဖြစ်လာလေမလဲ ဟုလည်း ဆက်တွေးမိပြန်သည်။ အိမ်ရှေ့ လှေကားထစ်တွင် ကျန်ခဲ့သော ဆေးတံကိုလည်း သတိရသွားပြန်သည်။ ပျောက်နေသော ဆေးတံကို ရှာရာမှ ပြန်တွေ့လိုက်ရ၍ ရယ်မောနေမည့် ဒေါရစ်။ ထိုသို့ ရှာမတွေ့မီ မည်မျှကြာကြာ ထိုဆေးတံက လှေကားထစ်ပေါ် ရှိနေမှာပါလိမ့်ဟု တွေးနေမည့် ဒေါရစ်။ ပြီးအောင် မရေးရသည့်အတွက် မိမိကိုယ်ကို စိတ်တို အပြစ်တင် နေတော့မည့် အဖြစ်များ စသည်တို့ကို သူ သိနေပါသည်။