မေ

ဒဂုန်တာရာ

800 Kyats ကျပ်
ဗန်းမော်တင်အောင်မှာ ‘မြိုင်’ ရှိတယ် ၊ ဒဂုန်တာရာမှာ ‘မေ’ ရှိတယ် ၊ ကြည်အေးမှာ ‘မီ’ ရှိတယ် ၊ ခင်နှင်းယုမှာ ‘မွှေး’ ရှိတယ်။ ဒါတွေဟာ မြန်မာစာပေလောကရဲ့ အထင်ရှားဆုံး အမျိုးသမီး ဇာတ်ကောင်တွေလို့ ဆိုရင် မမှားဘူးခင်ဗျ။ စာရေးဆရာကြီး ဗန်းမော်တင်အောင်ရဲ့ ‘မြိုင်’ ဝတ္ထုထဲက ‘မြိုင်’ ၊ ဆရာ ဒဂုန်တာရာရဲ့ ‘မေ’ ဝတ္ထုထဲက ‘မေ’ ၊ ဆရာမ ကြည်အေးရဲ့ ‘မီ’ ဝတ္ထုထဲက ‘မီ’ ၊ ပြီးတော့ ဆရာမ ခင်နှင်းယုရဲ့ ‘မွှေး’ စတဲ့ ဂန္ထဝင်စာရင်းဝင်တဲ့ ဒီစာအုပ်စာရင်းထဲက ဆရာကြီး ဒဂုန်တာရာရဲ့ ‘မေ’ ဝတ္ထုကို စာဖတ်သူများ ဖတ်ကြည့်သင့်ပါတယ်။ ဒီဝတ္ထုထဲက ‘မေ’ ဆိုတဲ့ အမျိုးသမီးဟာ သူရဲကောင်း ဇာတ်လိုက်တော့ မဟုတ်ဘူး။ မေက မပြည့်စုံဘူး။ ငွေကို ရရာနည်းနဲ့ ရှာချင်တဲ့ မိန်းမတစ်ယောက် ဖြစ်တယ်။ မေဟာ ချစ်ဖို့ကောင်းတယ်။ ချစ်ဖို့ကောင်းတဲ့ ပုံရိပ်ကို မေက ပြန်အသုံးချပြီး ခန္ဓာကိုယ်ကို ရင်း ၊ ယောက်ျားတွေဆီက ငွေကို ယူတယ်၊ ခြူတယ်။ ‘မေ’ ဟာ လောကကြီးကို ရွံ့ရှာစက်ဆုပ်တယ်။ အပေါ်ယံ ပကာသနတွေ ဖုံးထားတဲ့ မိန်းမဆန်တဲ့ မိန်းမတွေကိုလည်း ရွံ့ရှာစက်ဆုပ်တယ်။ ဒီလိုနဲ့ ‘မေ’ ရဲ့ စရိုက်ဟာ အချုပ်အနှောင်ကင်းပြီး ကိုယ့်စိတ်ကြိုက် လုပ်ချင်ရာလုပ်ဖို့ စိုင်းပြင်းနေတဲ့ မိန်းမတစ်ယောက် ဖြစ်လာခဲ့တယ်။ ငွေမက်တယ်။ တဏှာကြီးတယ်။ ဒီလိုနဲ့ …. ။ တကယ်တော့ ‘မေ’ ဝတ္ထုကို ဆရာကြီးဒဂုန်တာရာက သူ့အသက် ၂၀ မှာ ရေးသားခဲ့တဲ့ ဝတ္ထု၊ ၁၉၄၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အဲ့ဒီအချိန်မှာ ‘မေ’ နဲ့ ပတ်သက်ပြီး ဝေဖန်တာတွေ လေကန်တာတွေ ရှုတ်ချတာတွေ အပုတ်ချတာတွေနဲ့ စာပေလောကတစ်ခုလုံး ဆူညံ့သွားခဲ့တယ်။ ပတ်ဝန်းကျင်ရဲ့ ပြုပြင်ဖန်တီးမှုကို ခံရတဲ့ မေ ဟာ အဲ့ဒီခေတ် အဲ့ဒီအခါက လူ့အဖွဲ့အစည်းနဲ့ မကိုက်ညီဘူးဆိုပြီး ဖယ်ကျဉ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒဂုန်တာရာရဲ့ ‘မေ’ ဟာ အခုချိန်မှာတော့ ဂန္ထဝင်စာအုပ်စာရင်းထဲက ထိပ်ဆုံးတန်းဝင် ဝတ္ထုတစ်ပုဒ် ဖြစ်လို့နေပြီ။ ဆရာကြီး ဒဂုန်တာရာအကြောင်း ပြောရင် ‘မေ’ ကို ချန်ထားလို့ မဖြစ်။ မြန်မာစာပေရဲ့ ခေတ်ပြိုင်ဝတ္ထုတွေအကြောင်း ပြောရင် ‘မေ’ ကို မေ့လို့မရ … ။