ဇာတ်သိမ်းပိုင်း

ဆက်မင်းနောင်(ရူပ)

300 Kyats ကျပ်
ဆရာဆက်မင်းနောင် (ရူပ) ရဲ့ သဘာဝလွန် စွန့်စားခန်းနဲ့ သည်းထိတ်ရင်ဖို အခန်းဆက်ဝတ္ထုရှည်ဖြစ်တဲ့ ‘အိုဘယ့် ခင်ဇူးဟန်’ ကတော့ အခုဆိုရင် ဇာတ်သိမ်းပိုင်းအထိ ရောက်လာပါပြီ။ ရှေ့အပိုင်းတွေကို ဖတ်ပြီးတဲ့သူတွေအနေနဲ့တော့ ခင်ဇူးဟန် ဘယ်လို မိန်းကလေးလဲ ဆိုတာ သိပြီးကြမှာပါ။ အိုဘယ့် ခင်ဇူးဟန် … တဲ့။ မခင်ဇူးဟန်ကို လူတွေက မဇူးလို့လည်း ခေါ်ကြတယ်။ ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင် နိုင်ငံခြားသားတစ်ဦးရဲ့ ကတော်ဖြစ်တဲ့ မခင်ဇူးဟန်။ အသက် (၃၀) ဝန်းကျင်အရွယ်ရှိပြီး (၂) နှစ်အရွယ် သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတယ်။ အစစအရာရာ လိုလေးသေးမရှိအောင် ပြည့်စုံကြွယ်ဝတဲ့ အမျိုးသမီးတစ်ဦး။ ရန်ကုန်မြို့မှာ သူတို့ ဇနီးမောင်နှံနှစ်ဦး ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေက လက်ညှိုးထိုးလို့ မလွဲအောင် ရှိတယ်။ ကျိကျိတက် ချမ်းသာတဲ့ သူတွေပေါ့။ မခင်ဇူးဟန်ဆိုရင် ရန်ကုန်တစ်မြို့လုံးက လူတွေ မကြားဖူးသူ မရှိ။ ဒီလို ထင်ရှားတဲ့ မခင်ဇူးဟန်မှာ သဘာဝလွန်ပြီး ထူးဆန်းအံ့သြစရာကောင်းတဲ့ ဖြစ်ရပ်ဆန်းတစ်ခု ရှိနေတာကိုတော့ ဘယ်သူမှ မသိကြဘူး။ မရိပ်မိကြပါဘူး။ တစ်ခါတစ်ရံတော့ လောကထဲက တချို့ကိစ္စတွေဟာ လူတွေ သိနားလည်ဖို့ ခက်ခဲအောင် နက်နဲဆန်းကြယ်တယ် မဟုတ်ပါလား။ ဒီတော့ … မခင်ဇူးဟန်ကို အိုဘယ့်ခင်ဇူးဟန်အဖြစ် ပြောင်းလဲစေခဲ့တဲ့ သဘာဝလွန် ဖြစ်ရပ်ဆန်းက ဘာလဲ၊ ဘယ်လိုလဲ ဆိုတာကို သိချင်ရင်နေပြီမဟုတ်လား။ ထူးခြားဆန်းပြားတဲ့ ဇာတ်အိမ်ဇာတ်ကွက်တွေနဲ့ စိတ်ကူးယဉ်စွန့်စားခန်းတွေက သင့်ကို တစ်ပိုင်းထက်တစ်ပိုင်း ပိုပြီး စိတ်ဝင်စားမှုတွေ မြင့်တက်လာစေမှာပါ။ ကဲ … ဇာတ်သိမ်းပိုင်းမှာတော့ မခင်ဇူးဟန်တစ်ယောက် စောသက်နောင်နဲ့အတူ အချိန်ခရီးသွားခြင်း စွန့်စားခန်းကို ဘယ်လို အဆုံးသတ်မလဲဆိုတာ စာချစ်သူတို့ ရင်တခုန်ခုန် အသည်းတထိတ်ထိတ်နဲ့ ဖတ်ရှုနိုင်ပါပြီနော်။