ထိုလူ

ဂမ္ဘီရလူမော်

500 Kyats ကျပ်
လသည် ခပ်ကွေးကွေးလေး သာနေ၏။ (၃) ရက်လ ခုံးမျက်စ ဆိုစကားကြောင့် ပြက္ခဒိန်မကြည့်ဘဲနှင့် လဆန်း (၃) ရက်ဆိုသည်ကို နိုင်ဘသာ သိလိုက်၏။ ပျောက်ပျောက်ကျားကျား လရောင်လေး၏ အလင်းကို အားပြု၍ စက်ဘီးကို နင်းလာခဲ့၏။ အစင်ရွာတွင် တစ်ပတ်ခန့် လုပ်ငန်းခွင်ပြီးဆုံးခဲ့သဖြင့် သံဖြူဇရပ် ကတ္တရာလမ်းအတိုင်းမှ ကနင်သို့ ပြန်ခဲ့ခြင်း ဖြစ်၏။ ထိုကားလမ်းတစ်လျှောက် မိုးချုပ်သည်နှင့် ကားအသွားအလာ မရှိတော့သဖြင့် ကားမီးများ ကိုလည်း အားထား၍မရဘဲ ရှိနေ၏။ နိုင်ဘသာသည် ကြောက်တတ်သူ ဖြစ်၏။ လရောင်လေးကို မှီခိုပြီး လမ်းဘေးဝဲယာသို့ အကဲခတ်၍ အပြင်းနှင်လာခဲ့လေ၏။ ဟော … ကတ္တရာစေးလမ်းပေါ်တွင် လူနှင့်တူသော မည်းမည်းအရိပ်သဏ္ဌာန်သည် လမ်းမ အလယ်ကောင်၌ ငုတ်တုတ်ထိုင်နေသည်ကို ခပ်လှမ်းလှမ်းမှ တွေ့လိုက်ရ၏။ ဟာကွာ၊ ဘယ်လိုလူလဲ။ ကားသာဆိုရင် ဝင်တိုက်သွားတော့မှာပဲ။ ဟင်းဟု ဆိုလိုက်ပြီး အနားအရောက်တွင် စက်ဘီးကို ဘရိတ်အုပ်လိုက်၏။ ထိုသူသည် ကြောက်စိတ်မရှိဘဲ ထိုင်ရာမှထ၍ စက်ဘီးကို ရင်ဆိုင်လိုက်ပြီး အခိုးအငွေ့ကဲ့သို့ တိုးလျှိုပေါက် ဖြတ်သန်းသွားလိုက်သောအဖြစ်ကြောင့် နိုင်ဘသာ ကြက်သီးထသွားတော့၏။